ပြည်ပနိုင်ငံများသို့ အရေးတကြီး သွားရောက်ရန် လိုအပ်သည့် မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေး လေယာဉ်များတွင် လိုက်ပါနိုင်ရေး ဆောင်ရွက်ပေးမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပြည်ပနိုင်ငံများသို့ အရေးတကြီး သွားရောက်ရန် လိုအပ်သည့် မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေး လေယာဉ်များတွင် လိုက်ပါနိုင်ရေး ဆောင်ရွက်ပေးမည်

နေပြည်တော်၊ ဇူလိုင် ၂၇

နိုင်ငံတကာ ခရီးသည်လေယာဉ်များ ယာယီ ရပ်ဆိုင်းထားစဉ် ကာလအတွင်း ပြည်ပတွင် ဆေးကုသမှုနှင့် ခွဲစိတ်ကုသမှု ဆောင်ရွက်ရန် အရေးပေါ် သွားရောက် လိုသူများ၊ ပြည်ပ အလုပ်လုပ်ကိုင်သူများ လုပ်ငန်းခွင်သို့ အချိန်မီ ဝင်ရောက်ရမည့် အလုပ်သမားများ၊ သင်္ဘောသားများ၊ ပြည်ပတွင် ပညာသင်ကြားရန် သွားရောက်ကြရမည့် ပညာသင်များ၊ ကျောင်းသူ၊ ကျောင်းသားများနှင့် အခြား အကြောင်း အမျိုးမျိုးဖြင့် ပြည်ပသို့ အရေးပေါ် သွားရောက်ရန် လိုအပ်နေသူများ အတွက် ပြည်ပသို့ ထွက်ခွာမည့် ကယ်ဆယ်ရေး လေယာဉ် (Relief Flight) များ၊ အထူးလေယာဉ် (Special Flight) များတွင် လိုက်ပါခွင့် ရရှိရေး စီစဉ် ဆောင်ရွက်‌ပေးသွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာသည်။

ပြည်ပသို့ သွားရောက်လိုသော မြန်မာနိုင်ငံသားများ အနေဖြင့် သက်ဆိုင်ရာ နိုင်ငံများမှ သတ်မှတ်ထားသော ပြည်ဝင်ခွင့် အတွက် လိုအပ်သည့် အထောက်အထား၊ စာရွက် စာတမ်းများအား ကြိုတင် ပြင်ဆင်ထားရှိရန် ဖြစ်ပြီး ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထားခြင်းကို ရန်ကုန်မြို့ရှိ သက်ဆိုင်ရာ သံရုံးများသို့ မိမိအစီအစဉ်ဖြင့် တိုက်ရိုက် လျှောက်ထားရမည် ဖြစ်သည်။

သက်ဆိုင်ရာ လေကြောင်းလိုင်းများသို့ လိုအပ်သည့် အထောက်အထား စာရွက်စာတမ်းများနှင့်အတူ ကြိုတင် စာရင်းပေးသွင်းပြီး အဆိုပါ လေကြောင်းလိုင်းများမှ ခရီးသည်များ သွားရောက်မည့် နိုင်ငံများ၏ ပြည်ဝင်ခွင့် လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိသူ စာရင်းအား နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဆက်လက် ပေးပို့မည် ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် ပေးပို့လာသည့် ခရီးသည် စာရင်းအား ချမှတ်ထားသည့် ဦးစားပေး အစီအစဉ်အလိုက် စိစစ်ကာ အမျိုးသားအဆင့် ဗဟိုကော်မတီသို့ ခွင့်ပြုချက် တောင်းခံရယူပြီး ကယ်ဆယ်ရေး/အထူးလေယာဉ်များတွင် လိုက်ပါနိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သံရုံးများနှင့် ဆက်သွယ် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ပြည်ပသို့ သွားရောက်လိုသူများ အနေဖြင့် သက်ဆိုင်ရာ နိုင်ငံများ၏ လိုအပ်ချက်အရ COVID-19 ကင်းရှင်းကြောင်း ဓါတ်ခွဲ စစ်ဆေးချက် ရယူနိုင်ရေး အမျိုးသားကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့မဟုတ် ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှု ဆိုင်ရာဌာန(မန္တလေး) တို့တွင် မိမိ အစီအစဉ်ဖြင့် ဓါတ်ခွဲစစ်ဆေးခြင်း ခံယူရမည် ဖြစ်သည်။

မြန်မာနိုင်ငံဘက်မှ ထွက်ခွာသည့် ကယ်ဆယ်ရေး/အထူးလေယာဉ် များဖြင့် ဆုံရပ် နိုင်ငံများမှ တစ်ဆင့် လေယာဉ် ကူးပြောင်း လိုက်ပါမည့်သူများ အနေဖြင့် လေဆိပ်တွင် Transit စောင့်ဆိုင်း ခွင့်ပြုချိန် (၂၄) နာရီအတွင်း မိမိတို့ သွားရောက်မည့် နိုင်ငံသို့ ကူးပြောင်းခရီးစဉ် ချိတ်ဆက်နိုင်ရေး ကြိုတင်စီစဉ် ထားရှိရန်နှင့် စီစဉ်ထားသည့် လေယာဉ်လက်မှတ်အား သက်ဆိုင်ရာ လေကြောင်းလိုင်းသို့ တစ်ပါတည်း ပြသရန် လိုအပ်မည် ဖြစ်သည်။

မြန်မာနိုင်ငံမှ ထွက်ခွာမည့် Relief Flight၊ Special Flight နှင့် Cargo Flight အချိန်ဇယား များအား နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနတို့မှ ပူးပေါင်း ညှိနှိုင်းလျက် ကြေညာသွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရှိရသည်။

Photo : Nature Link

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •