ဗီယက်နမ် ကို ရင်းနှီးမြုပ်နှံသူများ ဘာ​​ေကြာင့်ကြိုက်သလဲ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ဗီယက်နမ်သည် အဘယ်ကြောင့် ဈေးကွက် ရှာလိုသူများ နှင့် ရင်းနှီးမြုပ်နှံသူများ အကြိုက် ဖြစ်နေရသနည်း
*****************************************

အဖြေသည်ကား လက်ရှိ ဖြစ်ပေါ်နေသော တရုတ်-အမေရိကန် ကုန်သွယ်ရေး နှင့် နည်းပညာ စစ်ပွဲကြီးမှ ဈေးပေါပေါ နှင့် ကျည်ကွယ်မျက်ကွယ် အဖြစ် ခိုလှုံနိုင်ရာ ဖြစ်နေခြင်းကြောင့်ပင်။

ဖေဖေါ်ဝါရီလအစပိုင်း တွင် တရုတ်ပြည်မှ သေမင်းတမန် ဗိုင်းရပ်စ်ပိုးကြီး ကြောက်မက်ဖွယ် စတင် ကူးစက်ပျံ့နှံ့လာချိန်တွင်တော့ ဗီယက်နမ်သည် ၎င်းတို့၏ နယ်ခြားကို တင်းကျပ်စွာ ပိတ်ဆို့ပြစ်ခဲ့သည်။ ထရပ်ကားများ တရုတ်ပြည်မှ ကုန်ကြမ်းများ နှင့် လိုအပ်သော ပစ္စည်းများကို ပြည်တွင်းစက်ရုံများသို့ သယ်ဆောင်မောင်းနှင်လာနိုင်ခြင်း မရှိတော့။ ထို့အတွက် အဓိက ပြဿနာ ဖြစ်လာရသူသည် ဗီယက်နမ်မှနေ၍ ဟန်းဆက်အများစုကို ထုတ်လုပ်ဖြန့်ချီနေသည့် ဆမ်ဆောင်း ကုမ္ပဏီကြီးပင် ဖြစ်သည်။ မကြာသေးမီကပင် ၎င်းတို့၏ ဟန်းဆက် ပုံစံသစ် နှစ်မျိုး ကို အမေရိကန်တွင် ချပြကာစ အချိန်လည်း ဖြစ်နေပြန်သည်။ ထို့အတွက် ကုန်ထုတ်လုပ်ငန်းများကို မည်သို့မျှ နှောင့်နှေးခံ၍ မဖြစ်တော့ သဖြင့် လိုအပ်သော ပစ္စည်းများကို လေယာဉ်ဖြင့် သယ်ယူခဲ့ရသည်။

ဤသည်မှာ ကျွန်တော်တို့ အား သင်ခန်းစာ ယူနိုင်စရာ အချက် နှစ်ချက်ကို ပြဆိုလိုက်ခြင်းပင် ဖြစ်သည်။ ပထမအချက်သည် ကား ဗီယက်နမ်သည် နိုင်ငံသားများ အကြား ထဲထဲဝင်ဝင် ခြေရာခံပြီး ကူးစက်သူများအား သီးခြားခွဲထုတ်နိုင်ခဲ့ခြင်းဖြင့် ကိုဗစ်-၁၉ ကို အလျှင်အမြန် ထိန်းချုပ်နိုင်ခဲ့သည်။ ထိုသို့သော နည်းလမ်းမျိုးကား တပါတီ အာဏာရှင်နိုင်ငံများသာ ကျင့်သုံးနိုင်ပေသည်။ စီးပွားရေးပိုင်းတွင်တော့ ထိခိုက်သွားခဲ့ရသည်။ သို့သော် အများစုသည် ယခုအခါ ယခင် အနေအထားထက်ပင် ပို၍ ပြန်ထောင်တက်လာခဲ့ကြသည်။ ယခုနှစ်အတွင်း ဂျီဒီပီ တိုးတက်လာမည်ဟု ခန့်မှန်းခြင်း ခံထားရသည့် ဒါဇင်အနည်းငယ်မျှသော နိုင်ငံများထဲတွင် ပါဝင်လာပြီ ဖြစ်သည်။

ဒုတိယ အချက်သည် ပြည်ပတိုက်ရိုက် ရင်းနှီးမြုပ်နှံမှု နယ်ပယ်တွင် ဗီယက်နမ်သည် လူကြိုက်များသည့် နိုင်ငံ အဖြစ် ယခင်ရရှိထားသည့် အဆင့်အတန်းကို ပြန်လည် ရရှိလာခဲ့ခြင်းပင် ဖြစ်သည်။ အဝတ်အထည် ချုပ် လုပ်ရောင်းချသော ကုမ္ပဏီကြီး များ အကြား အထူး ရေပန်းစားနေသော နေရာလည်း ဖြစ်သည်။ မကြာမီက ဗီယက်နမ်သည် နည်းပညာ ပိုင်းဆိုင်ရာ supply chain တွင် အဓိကကျသော ကွင်းဆက်တခု အဖြစ် ရောက်လာခဲ့သည်။

ဗီယက်နမ်သည် နိုင်ငံစုံရှိ ကုမ္ပဏီများ ၏ အသည်းကျော် ဖြစ်နေသည်သာမက ရင်းနှီးမြုပ်နှံလိုသူများ အတွက် လည်း လက်ကျန်ဈေးကွက်များ frontiers markets အဖြစ် မျက်စိကျလာနေသည်။ လက်ကျန်ဈေးကွက် ဆိုသည်မှာ ကျယ်ပြောလှသော ကမ္ဘာရှယ်ယာ ဈေးကွက်ကြီ၏ အစွန်အဖျားတွင် ရင်းနှီးမြုပ်နှံရကောင်းမှန်း မသိသေးသည့် ဈေးကွက် ဟု ဆိုလိုရင်း ဖြစ်သည်။ ထို့အတွက်လည်း ဆူလွယ်နပ်လွယ် သူဌေးဖြစ်ကြံချင်နေသူ များကြားတွင် လူပြောများနေသည့် အားကျစရာ ဇာတ်လမ်းများ ဖြစ်လာသည်။ ၎င်းတို့အဖို့ ဗီယက်နမ်သည် စိတ်ချယုံကြည်ရလောက်သည့် အနေအထား မျိုး ရှိသည်ဟု ယူဆလာကြသောကြောင့်လည်း ဖြစ်သည်။

ပြီးခဲ့သည့် ဆယ်စုနှစ်များ အတွင်းက ဂလိုဘဲလ်လိုက်ဇေးရှင်းဖြင့် ကမ္ဘာကုန်သွယ်ရေး ကြီးထွားလာမှု၏ အကျိုးကျေးဇူးများ ခံစားခဲ့ရသလို ယခုအခါတွင်လည်း လက်ရှိ ဖြစ်ပေါ်နေသော ဘူမိနိုင်ငံရေး အနေအထားများ ၏ ဆိုးကျိုးများ မှ တဖန် အကျိုးများ ရရှိလာခဲ့ပြန်သည်။

မကြာသေးမီက ဗီယက်နမ်သည် ကမ္ဘာပေါ်ရှိ အဆင်းရဲဆုံးနိုင်ငံများထဲတွင် တခုအပါအဝင် ဖြစ်ခဲ့သည်မှာ အားလုံး အသိပင် ဖြစ်သည်။ ၁၉၈၆ တွင် ဗီယက်နမ် ဘာသာ ဖြင့် ဒွိုင်မာ (ပြန်လည်မွမ်းမံရေး) ခေါ်သည့် ပြုပြင်ပြောင်းလဲရေး များ စတင် သွတ်သွင်းလာခဲ့ပြီး ဈေးကွက် ကို ဖွင့်လှစ်ပေးကာ ပုဂ္ဂလိက လုပ်ငန်းများ ကို ခွင့်ပြုလာခဲ့သည်။ တဆက်တည်းမှာပင် နိုင်ငံခြား ကုန်သွယ်ရေး နှင့် ရင်းနှီးးမြုပ်နှံမှုများကို ခွင့်ပြုခဲ့သည်။ ဈေးပေါပေါနှင့် ခိုင်းနိုင်သော အလုပ်သမား အင်အားစုကြီး ရှိနေခြင်းကလည်း တပန်းသာခဲ့ပြန်သည်။ သို့သော် ဗီယက်နမ်တနိုင်ငံတည်း ထူးခြားစွာ ရှိနေခြင်းမျိုးတော့ မဟုတ်ပေ။ ဗီယက်နမ်သည် ၎င်းတို့နိုင်ငံအတွင်း လာရောက် လုပ်ကိုင်ကြသော နိုင်ငံခြား ကုမ္ပဏီများကို အခွန့်လျော့ပေါ့ပေးခဲ့ပြန်သည်။

မကြာမီမှာပင် ဗီယက်နမ်၏ တည်ငြိမ်သော စီးပွားရေး ကို ထပ်ပြီး ဆွဲဆောင်စရာ ဖြစ်လာခဲ့ပြန်သည်။ ဤသည်က ဗဟိုဘဏ်သည် ဗီယက်နမ်၏ ငွေကြေး ဖြစ်သော ဒေါင် အား ဒေါ်လာဈေးနှင့် တည်ငြိမ်အောင် ထိန်းညှိထားနိုင်ခဲ့ခြင်းပင် ဖြစ်သည်။ ဘဏ်မှ ထုတ်ချေးငွေများကိုလည်း တင်းကျပ်သော စည်းမျဉ်းများဖြင့် ကန့်သတ်ခဲ့သည်။ ငွေကြေး ဖေါင်းပွမှုနှုန်းကလည်း ဂဏန်းတလုံး သာ ရှိပေသည်။

ဗီယက်နမ်သည် ထိုမျှနှင့် အားမရသေးပဲ ကုန်သွယ်ရေး ကို ထပ်မံ တိုးချဲ့ဖွင့်လှစ်ပေးခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် ကမ္ဘာကုန်သွယ်ရေး အဖွဲ့ချုပ်ကြီးသို့ ဝင်ရောက်ခဲ့ပြီး ချိန်မှစ၍ ဂျပန်၊ တောင်ကိုရီယားတို့နှင့် ကုန်သွယ်ရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ဗီယက်နမ်တွင် အများဆုံး ရင်းနှီးမြုပ်နှံနေသည့် နိုင်ငံများ ဖြစ်လာခဲ့သည်။ လွန်ခဲ့သော လအတွင်းက အီးယူနှင့် အလားတူ သဘောတူညီချက် တခု ကို လက်မှတ်ရေးထိုး အတည်ပြုနိုင်ခဲ့သည်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကလည်း ဝင်လာမစဲ တသဲသဲ ဖြစ်လာနေသည်။ ယခုနှစ်အတွင်း ဟောင်ကောင်၊ စင်္ကာပူ နှင့် တရုတ်တို့မှ ရင်းနှီးမြုပ်နှံမှုများ အကြီးအကျယ် ပြုလုပ်လာခဲ့ကြသည်။ တရုတ်ပြည်တွင်းရှိ ကုန်ထုတ်လုပ်ငန်းများ တွင် လုပ်ကိုင်နေရသည်မှာ ဈေးကြီးလာနေပြီဟု ညည်းငြူ နေကြသူများ အား ဗီယက်နမ်သို့ ရွှေ့ရန် အကြံပေးလာကြသည်။ ထို့အပြင် တရုတ်-အမေရိကန် ကုန်သွယ်ရေး နှင့် နည်းပညာ စစ်ပွဲကြီး ရန်မှ ခိုလှုံချင်သူများအတွက်လည်း ဘေးကင်းရာ နေရာ ဖြစ်လာခဲ့သည်။

သို့သော် ၎င်းတို့အတွက် မျှော်လင့်ထားသလို ဖြစ်မနေခဲ့သည်များလည်း ရှိနေသည်။ ဗီယက်နမ်၏ စီးပွားရေး ဗျူဟာသည် တရုတ်တို့ တခါက လုပ်ခဲ့သည့် လမ်းကြောင်းအတိုင်း သွားနေခြင်းပင် ဖြစ်သည်။ ဤသည်က ပြည်ပ မှ တိုက်ရိုက်ရင်းနှီးမှုအများအပြား ကို မှီခိုနေခြင်း၊ စီးပွားရေး တိုးတက်မှု အတွက် ပြည်ပ ပို့ကုန်ကို အားပြုနေရခြင်း၊ အထည်ချုပ်လုပ်ငန်းများ မှ အစပြုပြီး နည်းပညာပိုင်းဆီသို့ တက်လှမ်းလာခဲ့ခြင်း အစရှိသည်တို့ ဖြစ်သည်။ ယင်းနှင့် အတူ တရုတ်တို့၏ ဒုစရိုက်များလည်း ကူးစက်လာခဲ့သည်။ အကျင့်ပျက် ခြစားမှုများ၊ အိမ်ခြံမြေ အရောင်းအဝယ်များ နှင့် ပြန်မရသော ကြွေးများ ထူပြောလာခဲ့ပြန်သည်။

သို့သော်လည်း အားလုံး မျက်စိကျစရာပေါ်ထွန်းစ ဈေးကွက်များ၏ အသွင်လက္ခဏာများ ဖြစ်သည့် လျှင်မြန်စွာ တိုးတက်လာနေသော စီးပွားရေး၊ မြို့ပြများ ဖွံ့ဖြိုးလာခြင်း၊ တိုးတက်စည်ပင်လာနေသော အခြေခံ အဆောက်အအုံများနှင့် ကြီးထွားလာနေသော လူလတ်တန်းစားများ အစရှိသည့် အကြောင်းရင်းခံများ ရှိနေဆဲပင် ဖြစ်သည်။ ကုမ္ပဏီများ ပိုင်းတွင်လည်း ဘဏ်များ၊ ကုန်စည် စီးဆင်းမှု အထောက်အကူပြုသည့် ကုမ္ပဏီများ၊ စတိုးဆိုင်ကြီးများ၊ သံမဏိလုပ်ငန်းများ ရှိနေပြန်သဖြင့် ပြည်ပရင်းနှီးမြုပ်နှံသူများ ဝင်တိုး၍ ရသည့် နေရာများ ဖြစ်လာခဲ့သည်။

ထိုသို့သော ဆွဲဆောင်စရာများနှင့် အတူ အဟန့်အတားများလည်း ရှိနေပြန်သည်။ ပြည်တွင်း ကုမ္ပဏီများ အား ပြည်ပမှ ပိုင်ဆိုင်နိုင်ခွင့် ကို ကန့်သတ်ထားမှုပင် ဖြစ်သည်။ ထို့အတွက်ကြောင့်လည်း ပေါ်ထွန်းစ စီးပွားဖြစ်ထွန်းသည့် နိုင်ငံများ စာရင်းတွင် ထည့်သွင်း၍ မရသေးပဲ လက်ကျန်ဈေးကွက် နိုင်ငံများ စာရင်းတွင် ပါဝင်နေရခြင်းလည်း ဖြစ်သည်။

ဥပမာ ဆိုရက နိုင်ငံခြားမှ ရင်းနှီးမြုပ်နှံသူတဦးသည် ဗီယက်နမ်ရှိ ကုမ္ပဏီတခု၏ စတော့ရှယ်ယာ များ ပိုင်ဆိုင်လိုသည် ဆိုပါစို့။ သို့သော် ထိုကုမ္ပဏီတွင် ကန့်သတ်ထားသည့် ပြည်ပ ပိုင်ဆိုင်ခွင့် အတိုင်းအတာ ပြည့်နေပြီဆိုက ပိုင်ဆိုင်ပြီးသား အခြားနိုင်ငံခြားသားတဦးထံမှ ရှယ်ယာများကို ပြန်ဝယ်ယူကြရသည်။ ထိုသို့သော အရောင်းအဝယ်မျိုးကလည်း အစိုးရ၏ အတည်ပြုချက်ရအောင် ရက်သတ္တပေါင်းများစွာ ကြာအောင် စောင့်ရပြန်သည်။ ကုမ္ပဏီ ရှယ်ယာ အတော်များများသည်လည်း အာမခံကြေးက မူလတန်ဘိုးထက် အတော်ကို များ နေသည်။ အီလက်ထရောနစ် နှင့် အခြား လက်လီကုန်များ ရောင်းချသည့် မိုဘိုင်းဝေါ် ကုမ္ပဏီကြီး ဆိုက ယင်း၏ ရှယ်ယာ အာမခံကြေး ပရီမီယံသည် မူလ တန်ဘိုးထက် ၅၁% များနေသည်။

ဗီယက်နမ် ပုံစံသည် ကုန်သွယ်ရေး ကို အားပြုထားသဖြင့် ကမ္ဘာအနှံ့ ဖြစ်ပေါ်ပြောင်းလဲလာနေသော အခြေအနေများ ပေါ် တည်မှီနေသည်။ ၎င်းတို့ အဓိက ကုန်စည် တင်ပို့နေသည့် အမေရိကား ၌ ကော်ရိုနာ ဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်လာနေမှုများ အပေါ် ဗီယက်နမ်တွင် စိုးရိမ်မကင်းမှုများ ဖြစ်ပေါ်လာနေသည်။ ထိုအရေး ကို ထေမိစေရန် ၎င်းတို့ ကာလကြာမြင့်စွာက ပေလျကံ ပြုထားခဲ့သည့် အခြေခံ အဆောက်အအုံ စီမံကိန်းများ ကို ဖုတ်ဖက်ခါ ဆွဲထုတ်လာကြပြီး မြေယာ အသုံးပြုရေး ဆိုင်ရာ စည်းကမ်းကန့်သတ်ချက်များကို ဖြေလျော့ပေးလာခဲ့ကြသည်။ ပြီးခဲ့သည့် လအတွင်းမှာပင် ကမ္ဘာလှည့် ခရီးသွားများ အပန်းဖြေ စခန်း တည်ဆောက်ရန် ဒေါ်လာ ၉.၃ ဘီလီယံ တန် လုပ်ငန်းကြီးကို အတည်ပြုပေးခဲ့သည်။ ထိုလုပ်ငန်းကြီးတွင် ဝင်ရောက် မြှုပ်နှံလိုကြမည့် နိုင်ငံခြားသားများလည်း သေချာပေါက် ရှိနေကြမည်သာ ဖြစ်ပေသည်။

(၂၀၂၀ ဇူလိုင် ၁၈ နေ့ ထုတ် အီကော်နော်မစ် မဂ္ဂဇင်းပါ ‘Why globalist and frontier-market investors love Vietnam” ဆောင်းပါးကို ပြန်ဆိုသည်)


Spread the love
  •  
  •  
  •  
  •  
  •  
  •