ရန်ကုန်မြို့ပြအင်္ဂါရပ်နှင့်အညီ စဉ့်အိုးတန်း ဗောတံတားတွင် ရေကာတံတိုင်းအဆင့်မြှင့်တင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရန်ကုန်မြို့ပြအင်္ဂါရပ်နှင့်အညီ စဉ့်အိုးတန်း ဗောတံတားတွင် ရေကာတံတိုင်းအဆင့်မြှင့်တင်

ရန်ကုန်မြို့ ဆိပ်ကမ်းမြို့နယ် စဉ့်အိုးတန်း အမှတ်(၁) ဆိပ်ခံ ဗောတံတားနှင့် စဉ့်အိုးတန်း အမှတ် (၂)ဆိပ်ခံ ဗောတံတားကြားတွင် အလျား ၄၃၂ ပေ ရှိသော ရေကာ တံတိုင်းကို မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်၊ အင်ဂျင်နီယာဌာန (မြို့ပြ)မှ ရန်ကုန်မြို့ပြအင်္ဂါရပ်နှင့်အညီ အဆင့် မြှင့်တင် တည်ဆောက်လျက်ရှိ သည်။

အဆိုပါ ရေကာတံတိုင်း တည် ဆောက်သော အရှည် ၄၃၂ ပေတွင် စဉ့်အိုးတန်း အမှတ် (၁)နှင့် အမှတ် (၂) ကြားရှိ ၂၇၃ ပေ အကျယ် စက်သမ္ဗန် ဆိုက်ကပ်ရာနေရာ၌ မူလ လှေကားထစ်ထက် ကောင်းမွန် သော လှေကားထစ် တစ်ထစ်လျှင် အကျယ် ၁၅ လက်မ၊ အမြင့် ရှစ်လက်မနှင့် ကမ်းနားမှ မြစ်ဘက်သို့ လျှောစောက်ပုံစံဖြင့် လှေကားထစ် ၂၁ ထစ်ရှိ အလျား ၂၇၃ ပေ၊ အနံ ၄၅ ပေ ကွန်ကရစ်လှေကားကို တည်ဆောက်လျက်ရှိသည်။ ထို လှေကားထစ်နေရာတွင် ရန်ကုန်-ဒလ စက်သမ္ဗန်များ ဆိုက်ကပ်၊ ထွက်ခွာရာနေရာဖြစ်သောကြောင့် ခရီးသွားများ သွားလာရေးအဆင်ပြေချောမွေ့စေရန်နှင့် မြစ်ကမ်းနံရံများ ကြံ့ခိုင်မှုရှိစေရန် တည်ဆောက်ခြင်း ဖြစ်သည်။

“စဉ့်အိုးတန်း အမှတ်(၁) ဗော တံတားတစ်ဖက်မှာ ၈၄ ပေ၊ စဉ့်အိုး တန်း အမှတ် ၂ ဗောတံတား တစ်ဖက် မှာ ၇၅ ပေနဲ့ အဲဒီဗောတံတားနှစ်ခု ကြားက လှေကားထစ်လျှောစောက်တည်ဆောက်မှုက ၂၇၃ ပေ အကျယ် ဆိုတော့အားလုံး ၄၃၂ ပေမှ ရေကာ တံတိုင်း တည်ဆောက်နေပါတယ်။ စက်သမ္ဗန် ဆိုက်ကပ်တဲ့နေရာ ဆိုတော့ အများပြည်သူ အန္တရာယ် ကင်းကင်းသွားလာနိုင်မှာ ဖြစ်တဲ့ အပြင် ဗောတံတားနှစ်ခုရဲ့ရေကာ တံတိုင်းကိုလည်း တည်ဆောက်နေ ပါတယ်”ဟု တည်ဆောက်ရေးကို တာဝန်ယူ ဆောင်ရွက်နေသော မြတ်ဘုန်းယံကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးစိုးမြင့်က ပြောသည်။
ရန်ကုန်မြစ်၏ ကမ်းထိန်းနံရံ ဖြစ်သည့်အပြင် ရေကာတံတိုင်းအဖြစ် အသုံးပြုခဲ့သော ကမ်းနားလမ်း တစ်လျှောက်မှာ ကိုလိုနီခေတ်မှ ယနေ့အချိန်ထိ အသုံးပြုခဲ့ပြီး ဒီရေ အမြင့်ဆုံးတက်ချိန်နှင့် မိုးမပြတ်ရွာ သွန်းချိန် တိုက်ဆိုင်ခဲ့သော ၂၀၁၉ ခုနှစ် ဇူလိုင် ၁၆ ရက်တွင် ကုန်းပေါ် သို့ တစ်ပေခန့် ရေတက်ခဲ့၍ ရန်ကုန် မြစ်ကို ဖြတ်သန်းသွားလာကြသည့် သမ္ဗန်စီးခရီးသွားများနှင့် ဧရာ၀တီ တိုင်းဒေသကြီးသို့ ကုန်စည်ပို့ဆောင် သော ရေယာဉ်များလည်း အခက်အခဲ ကြုံတွေ့ခဲ့ရသော်လည်း လသာ၊ လမ်းမတော်၊ ပန်းဆိုးတန်းကမ်းနား တစ်လျှောက် မြစ်ရေဝင်ရောက်မှု မရှိခဲ့၍ သဘာဝဘေးအန္တရာယ်မှ ကင်းဝေးခဲ့ကာ အဆိုပါ မြစ်ကမ်းထိန်း နံရံများ ကြံခိုင်မှုရှိစေရန် ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်း အာဏာပိုင် အင်ဂျင်နီယာဌာနမှ ရေကာတံတိုင်း ကို တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြစ်ကမ်းတစ်လျှောက် တွင် ဆိပ်ခံဗောတံတား ၃၈ ခုရှိပြီး ဆိပ်ကမ်းနှင့် ဗောတံတားများ ကြံ့ခိုင် ကောင်းမွန်မှုဖြင့် ရန်ကုန်မြစ်၏ ထူးကဲဒီရေကို ကာကွယ်နိုင်မည် ဖြစ်သည်။ အဆိုပါရေကာတံတိုင်းကို ၂၀၂၀ ပြည့်နှစ် မတ်လဆန်းတွင် စတင် အကောင်အထည်ဖော်ခဲ့ပြီး ကိုဗစ်-၁၉ ကြောင့် ခေတ္တရပ်နားခဲ့ကာ မေလ ဆန်းပိုင်း၌ ပြန်လည်စတင်ခဲ့၍ စက်တင်ဘာလတွင် ပြီးစီးရန် လျာထားကြောင်းနှင့် ဆိပ်ကမ်း ကို အသုံးပြုခြင်းဖြင့် ရေယာဉ်၊ သမ္ဗန်၊ ကုန်စည်ပို့ဆောင် ရေးနှင့် ကုန်တင်ကုန်ချလုပ်ငန်းများအဆင်ပြေချောမွေ့စေမည်ဖြစ်ကြောင်း ရန်ကုန် မြို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အင်ဂျင်နီယာမှူး(မြို့ပြ) ဦးဝေဖြိုး ဟိန်းက ပြောသည်။

သန်းထိုက်
ဓာတ်ပုံ – သန်းစိုး


Spread the love
  •  
  •  
  •  
  •  
  •  
  •