အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းအပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ဗီယက်နမ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ငုယင်ဖုကျောင့်က ဝမ်းမြောက်ကြောင်း သဝဏ်လွှာများပေးပို့

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းအပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ဗီယက်နမ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ငုယင်ဖုကျောင့်၊ ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်းနှင့် ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ အန်းဒရက် ဘာဘိစ်ရှ် တို့က ဝမ်းမြောက်ကြောင်း သဝဏ်လွှာများပေးပို့

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းအပေါ် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ဗီယက်နမ် ကွန်မြူနစ်ပါတီ၊ ဗဟို ကော်မတီ အထွေထွေအတွင်း ရေးမှူးနှင့် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတ နိုင်ငံ သမ္မတ မစ္စတာ ငုယင်ဖုကျောင့် ၊ကိုရီးယား သမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်းနှင့် ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ အန်းဒရက် ဘာဘိစ်ရှ် တို့က ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့သည်။

အဆိုပါသဝဏ်လွှာအပြည့်အစုံမှာ –

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ထံသို့ ဗီယက်နမ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ ငုယင် ဖု ကျောင့် ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

————————————————-

ဗီယက်နမ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီကိုယ်စား မိမိအနေဖြင့် မကြာမီက ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အောင်မြင်မှုရရှိခဲ့ခြင်းအတွက် အဆွေတော်နှင့်တကွ ပါတီခေါင်းဆောင်များနှင့် အဖွဲ့ဝင်များအား ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊

ပြီးခဲ့သည့်နှစ်များအတွင်း အဆွေတော်ခေါင်းဆောင်သည့် NLD ပါတီ၏ ဦးဆောင်မှုဖြင့် မြန်မာအစိုးရအနေဖြင့် အခက်အခဲနှင့် စိန်ခေါ်မှုများစွာတို့ကို ရဲရင့်စွာ ရင်ဆိုင်ကျော်လွှားနိုင်ကာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မြှင့်တင်နိုင်ခဲ့ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သိသာထင်ရှားသည့်အောင်မြင်မှုများကို မှတ်တမ်းတင်နိုင်ခဲ့ပါကြောင်း၊ အထွေထွေရွေးကောက်ပွဲရလဒ်သည် NLDပါတီ၏ ဦးဆောင်မှုအပေါ် မြန်မာပြည်သူများ ၏ ထောက်ခံမှုနှင့် ယုံကြည်မှုတို့ကို ထပ်မံထင်ဟပ်ပြသခဲ့ခြင်းဖြစ်ပါကြောင်း၊

NLD ပါတီအနေဖြင့် စွမ်းဆောင်ရည်၊ လေးနက်သည့်ခံယူချက်၊ ထပ်မံဦးစီးဆောင်ရွက်ခွင့် များနှင့်အတူ မြန်မာပြည်သူများအား ဦးဆောင်ဦးရွက်ပြု၍ စိန်ခေါ်မှုများအား ရင်ဆိုင်ဖြေရှင်းနိုင် ပြီး မကြာမီ ကမ္ဘာ့ကပ်ရောဂါအား ထိန်းချုပ်ကာကွယ်နိုင်၍ စီးပွားရေးပြန်လည်ကောင်းမွန်လာ ပြီးနောက် မြန်မာနိုင်ငံအား ငြိမ်းချမ်းသာယာ၊ စည်းလုံးပြီး သာတူညီမျှကြွယ်ဝတိုးတက်သည့်နိုင်ငံ အဖြစ် တည်ဆောက်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊

မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား တည်ထောင်ထားသည့် ဘက်စုံပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာမိတ်ဖက်ဆက်ဆံရေးနှင့် မိမိတို့ပါတီနှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုတို့ ပိုမိုခိုင်မာပြီး ဆက်လက်ဖွံ့ဖြိုးတိုးတက်စေရန် ဆန္ဒပြုပါကြောင်း၊

အဆွေတော်ကျန်းမာပျော်ရွှင်စေရန်နှင့်လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင်အောင်မြင်မှုများရရှိစေရန် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း။

————————————————

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ကိုရီးယားသမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ မွန်ဂျေအင်းထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

မကြာမီက ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲတွင် မြန်မာပြည်သူများ၏ တစ်ခဲနက်အားပေးထောက်ခံမှုဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အောင်နိုင်မှုရရှိခဲ့ခြင်းအတွက် လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊

ယင်းရွေးကောက်ပွဲသည် အဆွေတော် စွမ်းဆောင်အောင်မြင်ခဲ့သည့် ရလဒ်ကောင်းများ အပေါ် မြန်မာပြည်သူများ၏ ယုံကြည်မှုနှင့် ထောက်ခံအားပေးမှုကို ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်ပါကြောင်း၊ “ပြည်သူသာအဓိက” ဟူသည့် ဆောင်ပုဒ်နှင့်အညီ အဆွေတော်၏ခေါင်းဆောင်မှု အောက်တွင် မြန်မာပြည်သူများသည် ပျော်ရွှင်မှုနှင့် သာယာဝပြောမှုတို့ကို ရရှိခံစားနိုင်ကြမည်ဟု ယုံကြည် ပါကြောင်း၊

၂၀၂၀ ပြည့်နှစ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၄၅)နှစ်ပြည့်အထိမ်းအမှတ်မှသည် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုကဏ္ဍများအပါအဝင် ကဏ္ဍစုံ၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ အစဉ်အမြဲ ခိုင်မာ တိုးတက်စေရန် ထိန်းသိမ်းသွားနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် ကိုရီးယား သမ္မတနိုင်ငံတို့သည် နှစ်နိုင်ငံအပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုနှင့် ဘုံသာယာဝပြောမှု တို့ကို အတူတကွဆက်လက် ဖော်ဆောင်နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊

အဆွေတော် ကျန်းမာစေရန်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာယာဝပြောမှု တည်တံ့စေရန် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း၊

————————————————-

နိုင်ငံ‌တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ချက်သမ္မတနိုင်ငံ၊
ဝန်ကြီးချုပ် မစ္စတာ အန်းဒရက် ဘာဘိစ်ရှ်ထံမှ ပေးပို့သည့်
ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့ခြင်း အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို အလေးအနက်ထားပါကြောင်း၊ အဆွေတော်အနေဖြင့် လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆက်လက်ထောက်ခံအားပေး သွားမည်ဟု မိမိအနေဖြင့် ခိုင်မာစွာယုံကြည်ပါကြောင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် နယ်ပယ်များ အထူးသဖြင့် စီးပွားရေး၊ ယဉ်ကျေးမှု၊ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်များတွင် နှစ်နိုင်ငံ အပြန်အလှန် ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဟု မိမိအနေဖြင့် မျှော်လင့်ပါကြောင်း၊ အဆွေတော်အနေဖြင့် ကြီးလေးသော တာဝန်ဝတ္တရားများကို အောင်မြင်စွာ ထမ်းဆောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း၊
MSCO
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •