“အရိုင်းတွေနဲ့ ဖက်ဒရယ်စနစ်ကို တည်ဆောက်လို့ မရနိုင်”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“အရိုင်းတွေနဲ့ ဖက်ဒရယ်စနစ်ကို တည်ဆောက်လို့ မရနိုင်”
စစ်မော်

မြန်မာနိုင်ငံကို ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးအဖြစ် တည်ဆောက် သွားချင်ကြတာ ပြည်သူ၊ ပြည်သား အများစုရဲ့ ဆန္ဒဖြစ်မယ်လို့ ယုံကြည်ပါတယ်။
ဒီမိုကရေစီဖက်ဒရယ်ကို တည်ဆောက်ကြတဲ့ အခါ အခြေခံကျကျ နားလည်ထားဖို့ အချက်ကတော့ ဖက်ဒရယ်စနစ်ဆိုတာ လူကြီးလူကောင်း ဆန်ဆန်၊ ညှိညှိနှိုင်းနှိုင်း၊ ယဉ်ကျေးမှုရှိရှိ တည်ဆောက်ကြရတာဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အချိန်ကာလတစ်ခုမှာ ဖက်ဒရယ်ရဲ့ အခြေခံမူတွေကို ချမှတ်ရတာ မှန်ပေမယ့်၊ ဒီမူတွေ ချပြီးရုံနဲ့လည်း ပြီးမြောက်အောင်မြင်ပြီ လို့ ပြောလို့မရတဲ့ စနစ်ဖြစ်ပါတယ်။ ဖက်ဒရယ်စနစ်ဟာ စဉ်ဆက်မပြတ် စမ်းသပ်ကျင့်သုံးသွားရတဲ့ (federalism as an experiment) စနစ်ဖြစ်ပါတယ်။ ပြည်ထောင်စုနဲ့ ပြည်နယ် (ပြည်ထောင်) တွေအကြား အပြန်အလှန်ညှိနှိုင်းမှု၊ အင်စတီကျုးရှင်းတွေအကြား အပြန်အလှန် ချိန်ညှိမှု၊ အပြန်အလှန် အထောက်အကူပြုမှုတွေကနေ တစ်ဆင့် တည်ဆောက်ရတာ ဖြစ်ပါတယ်။
ဒီအနှစ်သာရကို နားမလည်ဘဲ လက်နက်ရှိမှ၊ အင်အားရှိမှ ဖက်ဒရယ်ကို သွားနိုင်မယ်၊ အကြမ်းဖက်လိုက်မှ၊ ဖမ်းဆီးလိုက်မှ၊ ပစ်ခတ်သတ်ဖြတ်လိုက်မှ ဖက်ဒရယ်ကို တည်ဆောက်နိုင်မယ် ဆိုတာမျိုးဟာ အနှစ်သာရမှာကိုက ဖက်ဒရယ်မဟုတ်သလို၊ ဖက်ဒရယ် နိုင်ငံရေးစနစ်နဲ့ ဖြောင့်ဖြောင့်ကြီးကို ဆန့်ကျင်နေပါတယ်။ တစ်ကယ်တော့ ဒါမျိုး‌တွေဟာ ရိုင်းစိုင်းသူတွေ ကြီးစိုးတဲ့ နိုင်ငံရေးစနစ်ကို ပုံဖော်နေခြင်းမျှသာပါပဲ။
ဒီမိုကရေစီဖက်ဒရယ်စနစ်ကို တည်ဆောက်တဲ့အခါ ပဏာမအကျဆုံးကတော့ တိုင်းရင်းသားပြည်သူများ ဆီက ထောက်ခံမှု၊ အဲဒီထောက်ခံမှုကနေ ရရှိထားတဲ့ နိုင်ငံရေးတရားဝင်မှု (political legitimacy) ပဲဖြစ်ပါတယ်။ နိုင်ငံရေးအရ တရားဝင်မှုကို ဒီမိုကရေစီနည်းလမ်း (democratic means)တွေနဲ့ ရယူထား ဖို့လဲ လိုပါတယ်။ ဖက်ဒရယ်နိုင်ငံရေးစနစ်ဆိုတာ လက်နက်ကိုင်တွေ အချင်းချင်းကြား လက်ဝါးရိုက်တဲ့ပုံစံတွေ၊ အစ်ကိုကြီး/ညီလေး ဆက်ဆံရေးတွေ၊ လက်နက်ကိုင်တိုက်ပွဲကတစ်ဖက်၊ ဝိုင်ခွက်တိုက်စကားပြောပွဲကတစ် ဖက် (မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်) ဆက်ဆံရေးတွေကနေ တစ်ဆင့် တည်ဆောက်ရတာမျိုး မဟုတ်ပါဘူး။ လက်နက်ကိုင်ထားရင် တရားဝင်မှုရှိတယ်၊ လက်နက်ကိုင်ထာားမှ အင်အားရှိမယ်၊ အင်အားရှိမှ ဖက်ဒရယ်ကို တည်ဆောက်နိုင်မယ် ဆိုတာမျိုးဟာလည်း အားကြီးသူ အနိုင်ရစနစ်ကို ဘယ်လောက်တောင် အားပေး နေသလဲ ဆိုတာ စဉ်းစားကြည့်တာနဲ့တင် သိနိုင်ပါလိမ့်မယ်။ လက်နက်ရှိတိုင်းသာ နိုင်ငံရေး တရားဝင်မှုပေးရကြေး ဆိုရင် နှစ်ပေါင်း ၆၀ ကျော် တိုင်းပြည်ကို လက်နက်နဲ့ အုပ်ချုပ်လာသူများကို နိုင်ငံရေး တရားဝင်မှုပေးရမလို ဖြစ်နေပါတယ်။ ဒါဆိုရင်လည်း ရိုင်းစိုင်းတဲ့ နိုင်ငံရေးစနစ်ပဲ ဖြစ်နေဦးမှာပါပဲ။
အထွေထွေရွေးကောက်ပွဲတွေ ဆိုတာဟာ တိုင်းရင်းသားပြည်သူတွေရဲ့ ဆန္ဒတွေကို ဘယ်သူ့ကို ကိုယ်စားပြု ခိုင်းမလဲဆိုတာကို အကျယ်ပြန့်ဆုံး ဖော်ထုတ်တဲ့ ပွဲဖြစ်ပါတယ်။ နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး စစ်တမ်း ကောက်ယူမှုကြီးလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တိုင်းရင်းသား ပြည်သူအများစုဟာ ဘယ်သူတွေကို မဲပေးရွေးချယ်လိုက်သလဲ၊ ဘယ်သူတွေကို သူတို့ ကိုယ်စား ကိုယ်စားပြုစေလိုက်သလဲ ဆိုတာကို လေးလေးနက်နက် ကြည့်ကြရမှာ ဖြစ်ပါတယ်။
တိုင်းရင်းသား ပြည်သူတွေ အနေနဲ့ ဒီမိုကရေစီဖက်ဒရယ်စနစ်ကို ဖော်ဆောင်မယ့်ပါတီ နဲ့ ရပ်တည်ချက် ခိုင်မာတဲ့ တိုင်းရင်းသားပါတီတွေကို မဲပေး ရွေးချယ်လိုက်ကြတယ် ဆိုတာဟာ သာမန် တိုင်းရင်းသား ပြည်သူ တွေကြားမှာ အစွဲကင်းကင်းနဲ့ကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ဖို့ လိုလားနေကြတယ် ဆိုတာကို အရှင်းလင်းဆုံး ပြသလိုက်တာပါပဲ။ တစ်ချို့ လေ့လာသူ၊ သုံးသပ်သူ၊ ကျွမ်း ကျင်သူ လို့ဆိုသူများက ပုံဖော်နေကြသလို တိုင်းရင်းသားပြည်သူများအကြားမှာ ကွဲပြားမှုတွေ ကြီးကြီးမားမား ဖြစ်နေတယ် ဆိုတာလည်း မဟုတ်ကြောင်း ခိုင်ခိုင်မာမာ သက်သေပြလိုက်တာလည်း ဖြစ်ပါတယ်။ ထိုထိုသော လေ့လာသုံးသပ်သူဟု ဆိုသူများရဲ့ အဝန်းအဝိုင်းထဲမှာသာ ဖြစ်နေတာကို တိုင်းရင်းသားပြည်သူများအကြား မှာလည်း ဖြစ်နေပါတယ်လို့ ပြောလို့ လုံးဝမရကြောင်းလည်း သက်သေပြလိုက်တာလည်း ဖြစ်ပါတယ်။ တစ်နည်း ပြောရရင် တိုင်းရင်းသားပြည်သူအများစုကြီးဟာ ယဉ်ကျေးတဲ့နိုင်ငံရေးလမ်းကြောင်း၊ လူကြီးလူကောင်းဆန်တဲ့ နိုင်ငံရေးလမ်းကြောင်းကို ဘယ်သူတွေက လျှောက်လှမ်းနေတယ်၊ ဘယ်သူတွေ ကတော့ဖြင့် အရိုင်းအစိုင်း နိုင်ငံရေးစနစ်၊ အားကြီးသူ အနိုင်ရ နိုင်ငံရေးစနစ်ကို ပုံဖော်နေတယ်ဆိုတာ ကောင်းကောင်းသိကြပါတယ်။ သိကြလို့လည်း ပြတ်ပြတ်သားသား ရွေးချယ်လိုက်ကြတာ ဖြစ်ပါတယ်။ ဒါကိုမှ နားမလည်သေးဘဲ ခေါင်းဆောင် တစ်ဦးတစ်ယောက်ကို ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု လွန်ကဲလို့ မဲပေးလိုက်ကြတယ်ဆိုတာမျိုးဟာ တိုင်းရင်းသားပြည်သူလူထုရဲ့ စုပေါင်း အသိဉာဏ် နဲ့ စဉ်းစားဆင်ခြင် တုံတရားကို ပြောင်ပြောင်တင်းတင်း စော်ကားလိုက်တာပါပဲ။ ရိုင်းစိုင်းနည်း တစ်မျိုးပါပဲ။
တိုင်းရင်းသားပါတီတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်ရမယ်၊ ကောင်းမွန် တဲ့ ဆက်ဆံရေးတည်ဆောက်ရမယ်ဆိုတာကို ခြွင်းချက်မရှိ သဘောတူပါတယ်။ တစ်ချိန်တည်းမှာပဲ တိုင်းဒေသကြီး/ပြည်နယ် နေရာတော်တော်များများမှာ ဗမာတိုင်းရင်းသားများရော၊ ဗမာမဟုတ်တဲ့ တိုင်းရင်းသားများပါ ဘယ်သူ့ကို ကိုယ်စားပြုခွင့်ပေးထားတယ်၊ ဘယ်သူ့ကို နိုင်ငံရေးအရ တရားဝင်မှု ပေးထားတယ်ဆိုတာကို လေးလေးနက်နက် နားလည်ထားကြရမှာဖြစ်ပါတယ်။ မဟုတ်ရင် တိုင်းရင်းသား ပြည်သူများရဲ့ ဆန္ဒကို အလေးမထားဘဲ၊ ကိုယ်ထင်ရာမြင်ရာတွေ လျှောက်ပြောနေပြီး၊ ကိုယ့်စိတ်ထဲရှိတဲ့၊ ကိုယ်ပါစေချင်တဲ့ အစုအဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေမပါတာနဲ့ ဖက်ဒရယ်နဲ့ မကိုက်တော့ပါဘူး၊ အားလုံး ပါဝင်မှုမရှိတော့ပါဘူးဆိုရင် ဒီမိုကရေစီဖက်ဒရယ် လမ်းနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပြီး၊ ကိုယ့်ရဲ့ အဂတိအပေါ်မှာ အခြေခံတဲ့ နိုင်ငံရေးစနစ်ကိုသာ တည်ဆောက်ဖို့ ကြိုးပမ်းနေကြသလို ဖြစ်နေကြပါလိမ့်မယ်။ အထူးသဖြင့် ပြည်သူလူထုဆီကနေ နိုင်ငံရေး တရားဝင်မှု မရထားတဲ့ သူများဟာ legitimacy ရှိသူများသာ လုပ်ရမယ့် ကိစ္စရပ်တွေ၊ ဆုံးဖြတ်ချက်တွေမှာ ဝင်ရောက် လုပ်ကိုင်ဖို့ မဖြစ်နိုင်ပါဘူး။ နည်းပညာအထောက် အကူ ပြုတာ၊ အသိပညာ၊ အတတ်ပညာတွေနဲ့ အထောက်အကူပြုတာ၊ စနစ်တကျ ဆန်းစစ်သုံးသပ်ပြီး အကြံပြုချက် (recommendations) တွေပေးတာမျိုးကိုပဲ လုပ်လို့ရပါတယ်။
ခြုံငုံရရင် – ဖက်ဒရယ်စနစ်ကို “အရိုင်းတွေနဲ့” တည်ဆောက်လို့မရပါဘူး။ တိုင်းရင်းသားပြည်သူများဆီက ထောက်ခံမှုကို ဒီမိုကရေစီနည်းနဲ့ ရယူပြီး၊ တိုင်းရင်းသား ပြည်သူတွေရဲ့ ဆန္ဒတွေကို ဒီမိုကရေစီနည်းလမ်း နဲ့အညီ ဖော်ဆောင်တဲ့ ယဉ်ကျေးတဲ့ နည်းလမ်းနဲ့သာ တည်ဆောက်လို့ ရနိုင်ပါတယ်။ ဒါမှသာလည်း လူကြီးလူကောင်းဆန်တဲ့ နိုင်ငံရေးစနစ် (“Gentlemen always reach agreement” ဆိုတဲ့ စနစ်မျိုး) ကို အုတ်မြစ်ချနိုင်မှာဖြစ်ပြီး၊ အဲဒီကနေမှ စဉ်ဆက်မပြတ် ညှိနှိုင်းပြီး၊ အပြန်အလှန်ထိန်းကျောင်းမှုရှိတဲ့ ဖက်ဒရယ်စမ်းသပ်ချက်ကိုဆီကို ခေါ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။ တိုင်းရင်းသားပြည်သူများက ဘယ်သူတွေကို ဒီမိုကရေစီနည်းလမ်းတကျ တရားဝင်မှု၊ ကိုယ်စားပြုမှု အပ်နှင်းထားသလဲ ဆိုတာကို မကြည့်ဘဲ မိမိတို့ ဖြစ်စေချင်တာ၊ ပါစေချင်တဲ့ လူတွေ၊ အစုအဖွဲ့တွေကိုပဲ ဦးစားပေးစေချင် တာမျိုးတွေဟာလည်း ဒီမိုကရေစီဖက်ဒရယ်စနစ်နဲ့ ကိုက်ညီမှု မရှိပါဘူး။ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်တဲ့နေရာမှာ ယဉ်ကျေးသူတွေ အနိုင်ရပြီး ရိုင်းစိုင်းသူတွေ ရှုံးတဲ့ စနစ်၊ ဓမ္မကနိုင်ပြီး၊ အဓမ္မက ရှုံးတဲ့ စနစ်ကနေတစ်ဆင့် တည်ဆောက်နိုင်ပါမှ နောက်မျိုးဆက်တွေအတွက် လူ့ဂုဏ်သိက္ခာနဲ့လျော်ညီတဲ့ နိုင်ငံရေးစနစ်တစ်ရပ်ကို ချန်ထားနိုင်ခဲ့မှာပဲ ဖြစ်ပါတယ်။
စစ်မော်
#TheMandalayNewsJournalv


Spread the love
  •  
  •  
  •  
  •  
  •  
  •